Wednesday, 02 November 2016 11:07

ချောင်းသာကမ်းခြေတစ်လျှောက်တွင် ဈေးရောင်းခွင့် စတင်ပိတ်ပင်ခဲ့ပြီး ဟိုတယ်များက ကမ်းခြေဧရိယာအတွင်း နေရာတိုးချဲ့ထားမှုများကို ဖယ်ရှားမည်

Written by
Rate this item
(0 votes)
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ချောင်းသာကမ်းခြေ တစ်လျှောက်ရှိ ကမ်းခြေဈေးသည်များအား နိုဝင်ဘာ ၁ ရက်မှ စတင်ကာ ဈေးရောင်းချခွင့် ပိတ်ပင်ခဲ့ပြီး ဟိုတယ်များမှ ကမ်းခြေဧရိယာအတွင်း နေရာတိုးချဲ့ထားမှုများအား ဆက်လက် ဖယ်ရှားသွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
 
ကမ်းခြေဧရိယာအတွင်း ဆိုင်ခင်းပြီး ရောင်းချနေသော ကမ်းခြေဈေးသည်များအား ကမ်းခြေနေရာ ကျဉ်းမြောင်းပြီး အပန်းဖြေ ခရီးသည်များ လည်ပတ်ရန်နေရာပင် မရှိသလောက်ဖြစ်နေခြင်း၊ ၎င်းဆိုင်များမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းနှင့် အမှိုက်များကြောင့် ကမ်းခြေညစ်ညမ်းလာခြင်းတို့ကြောင့် ပထမအဆင့် အနေဖြင့် ကမ်းခြေဈေးသည်များအား ဈေးရောင်းချခွင့် ပိတ်ပင်ခဲ့ပြီး ဒုတိယအဆင့် အနေဖြင့် ဟိုတယ်များက ကမ်းခြေဧရိယာ အတွင်း နေရာတိုးချဲ့ထားမှုများအား ဖယ်ရှားသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။
 
“ကျွန်တော့်အနေနဲ့ စားဝတ်နေရေး ခက်ခဲကုန်မှာကို မလိုလားပါဘူး။ ခွင့်ပြုချင်ပေမယ့် ဘယ်လိုမှ ခွင့်မပြုနိုင်တဲ့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်ကစပြီး ဗီနိုင်းတွေ ထောင်ခဲ့တာပါ။ ခရီးသည်တွေ အနှောင့်အယှက် မဖြစ်ဖို့ စက်တပ်ယာဉ်တွေ တိရစ္ဆာန်နဲ့ စီးပွားရှာတဲ့မြင်းတို့၊ နွားလည်းတို့ပါ ပိတ်ခဲ့တာပါ။ ခေါင်းရွက်ဗျက်ထိုးသည်တွေကိုတော့ ခွင့်ပြုထားပါတယ်။ သူတို့ဆီကထွက်လာမယ့် ငါးသီတံတွေ ငါးရိုးတွေကို ထိန်းသိမ်းဖို့ နည်းလမ်းရှာရဦးမှာပါ” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။
 
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးလေးဦး အပါအ၀င် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ မြေစာရင်းဌာန၊ ဥပဒေရေးရာနှင့် ရဲတပ်ဖွဲ့တို့ပါဝင်သည့် ငွေဆောင်၊ ချောင်းသာ ကမ်းခြေကြီးကြပ်ထိန်းသိမ်းရေးအဖွဲ့မှ အကြိမ်ကြိမ် အစည်းအဝေး ပြုလုပ်ခဲ့သော်လည်း ကမ်းခြေဈေးသည်ဦးရေ ၁၀၀ ခန့်ရှိနေပြီး ဈေးသည်များအား နေရာပြန်လည်ချပေးရန်မှာ ချောင်းသာအနေဖြင့် နေရာ ကျဉ်းမြောင်းခြင်း၊ မြေနေရာများလည်း ဈေးနှုန်း မြင့်မားနေမှုများကြောင့် ပြန်လည် နေရာချပေးရန်မှာလည်း အခက်အခဲများစွာ ရှိနေကြောင်း သိရသည်။
 
Credit To >>> Eleven Media Group
Read 1524 times
You are here:   HomeALL NewsLocal Newsချောင်းသာကမ်းခြေတစ်လျှောက်တွင် ဈေးရောင်းခွင့် စတင်ပိတ်ပင်ခဲ့ပြီး ဟိုတယ်များက ကမ်းခြေဧရိယာအတွင်း နေရာတိုးချဲ့ထားမှုများကို ဖယ်ရှားမည်